Home » » ကဿပမြတ်စွာဘုရားရှင် ထံတော်တွင် ဗျာဒိတ်ခံယူတော်မူခြင်း

ကဿပမြတ်စွာဘုရားရှင် ထံတော်တွင် ဗျာဒိတ်ခံယူတော်မူခြင်း

Written By Unknown on Wednesday, 4 June 2014 | 10:05

ယခုကျွန်တော်ရေးသားသည့် ဂေါတမမြတ်စွာဘုရားအလောင်းတော် ကဿပမြတ်စွာဘုရားရှင်
ထံတော်တွင် ဗျာဒိတ်ခံယူတော်မူခြင်းနှင့် တဆက်တည်းဖြစ်စေရန်အတွက် ကဿပမြတ်စွာဘုရားရှင်၏
ဗုဒ္ဓဝင်အကျဉ်းကိုပါ တပေါင်းတည်း ထည့်သွင်းထားပြီး ယင်းဘလော့ဂ်ကို တိပိဋကဓရ ဓမ္မဘဏ္ဍာကာရိက
မင်းကွန်းဆရာတော်ကြီး ရေးသားသော မဟာဗုဒ္ဓဝင်ကျမ်း ပထမတွဲ ဒုတိယပိုင်းမှ
ထုတ်နုတ်ထားခြင်း ဖြစ်လေရာ ယခုထက် ပြည့်စုံစွာသိရှိလိုပါက ထိုမဟာဗုဒ္ဓဝင်ကျမ်း ပထမတွဲ
ဒုတိယပိုင်း၌ လေ့လာဖတ်ရှုနိုင်ပါသည် ဓမ္မမိတ်ဆွေများခင်ဗျာ။
ကောဏာဂါမနမြတ်စွာဘုရား ပရိနိဗ္ဗာန်ဝင်စံတော်မူပြီးနောက် ထိုဘဒ္ဒကမ္ဘာ၌ပင် လူတို့၏သက်တမ်းမှာ
သုံးသောင်းမှ ၁၀နှစ်သို့ ဆုတ်ယုတ်လာခဲ့သည်။ ထို ၁၀ နှစ်တမ်းမှလူများ အသိတရားရလာပြန်သဖြင့်
သက်တမ်းများ နှစ်ဆတိုး၍ တက်သွားရာ အသင်္ချေတမ်းသို့ ပြန်ရောက်လာပြန်သည်။ ထို့နောက်
ကိလေသာတရားများ နှိပ်စက်မှုကြောင့် ပြန်လည်ဆုတ်ယုတ်လာခဲ့ရာ လူတို့သက်တမ်း
အနှစ် နှစ်သောင်းတမ်း (၂၀၀၀၀) သို့ ပြန်၍ ရောက်လာချိန်တွင်ဖြစ်သည်။ ထိုအချိန်တွင်
တုသိတာနတ်ပြည်၌ ပါရမီရင့်သန်တော်မူပြီးဖြစ်သော အလောင်းတော် နတ်သားသည်လည်း
နတ်ဗြဟ္မာအပေါင်းတို့၏ တောင်းပန်မှုနှင့်အတူ ဘုရားဖြစ်ချိန်တန်ကြောင်း သိတော်မူသဖြင့်
တုသိတာနတ်ပြည်မှစုတေကာ ကိကီမင်းကြီးစိုးစံတော်မူရာ
ဗာရာဏသီနေပြည်တော်ရှိ ဗြဟ္မဒတ္တဟုအမည်ရသော မင်းတိုင်ပင်ပုဏ္ဏားကြီး၏ အိပ်ထောင်သူ
ဓနဝတီပုဏ္ဏေးမထံတွင် ကိန်းဝပ်ကြည်ဖြူ ပဋိသန္ဓေယူတော်မူလေသည်။ သို့နှင့်ပင် ၁၀
လမြောက်သောအခါ ဣသိပတန ဟုအမည်ရသော သမင်အများနေထိုင်ရာ ဘေးမဲ့တောတွင်
ဖွားမြင်တော်မူလေသည်။ ဆွေမျိုးတို့၏ အမျိုးနွယ်ကိုစွဲ၍ ကဿပသတို့သားဟု အမည်ပေးကြလေသည်။
အရွယ်ရောက်လာသောအခါ သုနန္ဒာပုဏ္ဏေးမနှင့်အတူ နတ်စည်းစိမ်နှင့် တူမျှသော လူ့စည်းစိမ်ကို
စံစားတော်မူရာ နှစ်ပေါင်း နှစ်ထောင် (၂၀၀၀) သို့ ရောက်သောအခါ သုနန္ဒာပုဏ္ဏေးမမှ သားတော်
ဝိဇိတသေနသတို့သားကို ဖွားမြင်လေသည်။ သားဖွားသောနေ့တွင် နိမိတ်ကြီးလေးပါးကိုမြင်ပြီးဖြစ်ခြင်းမှာ
ဘုရားအလောင်းတော်တို့ ဓမ္မတာဖြစ်သဖြင့် ထိုနေ့တွင် အလောင်းတော် ကဿပလုလင်သည်လည်း
ရဟန်းနိမိတ်ကို မြင်တော်မူခဲ့သောကြောင့် မိမိစံစားရာ အဆောင်တော်တွင်းသို့ ပြန်ရောက်သောအခါ
သံဝေဂဉာဏ်ရင့်သန်သဖြင့် တောထွက်ရန် အကြံဖြစ်လေသည်။ ထိုအခါ
အလောင်းတော်စံရာ ပြဿဒ်သည် မြေပြင်မှ တည်ငြိမ်စွာကျွတ်ထွက်၍ ကောင်းကင်သို့ရောက်ကာ
မဟာဗောဓိပင်နှင့် မနီးမဝေးအရပ်သို့ ရောက်လေသည်။ ထိုအခါ ပါလာသမျှသော
ပရိတ်သတ်အပေါင်းတို့တွင် ယောက်ျားပေါင်းတစ်ကုဋေတို့သည် တစ်ယောက်မကျန်
ရဟန်းပြုကြလေသည်။ ကျန်သော အမျိုးသမီးပရိတ်သတ် အပေါင်းသည်လည်း
အလောင်းတော်နှင့် ဝေးရာအရပ်သို့ အလိုက်သိစွာဖြင့် ဖဲ့ခွာသွားကြလေသည်။
ဒုက္ကရစရိယာအကျင့်ကို ၇ ရက် ကျင့်တော်မူကာ ဘုရားဖြစ်မည့် ကဆုန်လပြည့်နံနက်ပိုင်းတွင် လူ့ဘဝမှ
ကြင်ယာဇနီးဖြစ်ခဲ့သူ သုနန္ဒာပုဏ္ဏေးမက ဃနာနို့ဆွမ်းကို ရွှေခွက်နှင့်တကွ လှူလေသည်။
အလောင်းတော်သည်လည်း ဆွမ်းဘုန်းပေးပြီးနောက် ညနေချမ်းအချိန်သို့ ရောက်သောအခါ
မဟာဗောဓိပင် (ပညောင်ပင်) သို့ တပါးတည်းကြွသွားတော်မူလေသည်။ လမ်းခရီးတွင်
ဂျုံခင်းစောင့်လယ်သမား သောမလှူဒါန်းသော မြက်ရှစ်ဆုပ်ကို အလှူခံ ရရှိလေသည်။
အင်္ဂါလေးပါးနှင့်ပြည့်စုံသော ဝီရိယနှင့်အတူ ဆည်းပူးဖြည့်ကျင့်ခဲ့သော ပါရမီတော်တို့ကို ရှေ့သွားပြုလျက်
မာရ်နတ်ရန်ကို နေမဝင်ခင် အောင်တော်မူပြီးနောက် တစ်ညလုံး အားထုတ်သွားရာ မိုးသောက်
အရုဏ်တက်သည်နှင့် သမ္မာသမ္ဗုဒ္ဓဗောဓိဉာဏ်ကို ရတော်မူကာ ဘုရားအဖြစ်သို့ ရောက်လေသည်။
သတ္တသတ္တာဟ စံနေတော်မူပြီးနောက် တရားဦးဟောရန်အတွက် ဗြဟ္မာမင်း၏ တောင်းပန်ခြင်းကို
ဝန်ခံလျက် တရားဦးကို နာယူနိုင်သည့် ပါရမီရင့်သန်နေပြီးသော အတူရဟန်းပြုဖက်
တစ်ကုဋေတို့အား ဟောတော်မူရန်အတွက် ဗောဓိပင်နှင့် ၁၈ ယူဇနာဝေးကွာသော ဗာရာဏသီပြည်
ဣသိပတနမိဂဒါဝုန်တောတွင် ဓမ္မစကြာဒေသနာတော်ကို ဦးစွာ ဟောကြားတော်မူလေသည်။
ကဿပမြတ်စွာဘုရားရှင်၏ အဂ္ဂသာဝကမထေရ်မြတ်နှစ်ပါးမှာ တိဿမထေရ်နှင့်
ဘာရဒွါဇမထေရ်တို့ဖြစ်ပြီး အလုပ်ကျွေးရဟန်းမြတ်မှာ သဗ္ဗမိတ္တမထေရ်ဖြစ်လေသည်။
ကာသိတိုင်းတွင်းရှိ သေတဗျဥယျာဉ်တော်ကြီးတွင်း၌ ပရိနိဗ္ဗာန်ဝင်စံချုပ်ငြိမ်း
ဘဝဘုံဇာတ်သိမ်းတော်မူသည်။ အဓိဋ္ဌာန်ချက်ကြောင့် ဓါတ်တော်များမှာ တစုတည်းတပေါင်းတည်းအဖြစ်
တည်ရှိလေသတည်း။
လောကသုံးပါးတွင် အတုမရှိသော ကဿပဗုဒ္ဓပွင့်ထွန်းလာချိန်တွင် ပညာအရာ၌ တဖက်ကမ်းခတ်အောင်
တတ်မြောက်၍ ပညာမာနထောင်လွှားနေသော ဇောတိပါလ ဟုအမည်ရသည့်
ပုဏ္ဏားတယောက်ရှိလေသည်။ ထိုသူတွင် ဃဋိကာရဟု အမည်ရသော အိုးလုပ်၍ အသက်မွေးသူ
သူငယ်ချင်းတယောက်လည်းရှိ၏။ ကဿပမြတ်စွာဘုရားရှင် ပွင့်ထွန်းသောအခါ လူအများက
ဒုက္ကရစရိယာကို ၇ ရက်တည်းဖြင့်ကျင့်ကာ ဘုရားဖြစ်သည်ဟု ဆိုလျက်
ချီးမွန်းထောပနာ ပြုကြလေသည်။ (ဒုက္ကရစရိယာကျင့်မှ ဘုရားဖြစ်သည်ဟူသော
အယူဆကြောင့်ဖြစ်သော်လည်း ဒုက္ကရစရိယာအကျင့်သည်
အတ္ထကိလမထာနုရောဂအကျင့် ဖြစ်သောကြောင့် ဘုရားဖြစ်ရန် နည်းလမ်းမဟုတ်ပါ။)
ဃဋိကာရသည်လည်း ကဿပမြတ်စွာဘုရားရှင်ထံတော်သို့ သွားရောက်၍ တရားနာသော်
တရားအဆုံးတွင် ဒေါသကိလေသာ ကုန်ဆုံးခြင်းဖြစ်သော အနာဂါမ်ဥပသကာဖြစ်ကာ
ကဿပမြတ်စွာဘုရားရှင်၏ အမြတ်ဆုံး အလုပ်ကျွေး (စိတ္တသူကြွယ်သကဲ့သို့) ဖြစ်လေသည်။
ထိုအခါ ဃဋိကာရသည် မိမိသိမြင်အပ်ပြီးသော တရားကို သူငယ်ချင်းဇောတိပါလကို
သိစေချင်လွန်းသဖြင့် မြတ်စွာဘုရားထံ ချည်းကပ်ရန် တိုက်တွန်းသောအခါ “သင်ပြောတဲ့
ကဿပဗုဒ္ဓဆိုတာ ဘုရားအစစ်မဖြစ်နိုင်ဘူး၊ ဘုရားဖြစ်ဖို့ တော်တော်မလွယ်ကူတဲ့ကိစ္စကို ၇ ရက်တည်း
ဒုက္ကရစရိယာကျင့်ပြီး ဘုရားဖြစ်ရတယ်လို့ ဟုတ်ကိုမဟုတ်ပါဘူး။ အဲလောက်များ လွယ်မယ်ဆိုရင်
ငါဘုရားဖြစ်အောင်အားထုတ်မယ် ၇ ရက်လောက်ကိုမပြောနဲ့ ၆ နှစ်ကျင့်မယ်ကွ” ဟု
ပညာမာနထောင်လွှားကာ ဝစီရိုင်းပြခဲ့လေသည်။ ဃဋိကာရလည်း
နည်းပေါင်းစုံသုံး၍ ခေါ်သော်လည်း ဇောတိပါလသတို့သားမှာ မလိုက်။ တနေ့သောအခါ
သူငယ်ချင်းနှစ်ယောက် ရေကစားကြနေစဉ် ဃဋိကာရက သူငယ်ချင်းလုပ်သူကို
ကဿပ မြတ်စွာဘုရားရှင်ထံသို့ သွားရန် တိုက်တွန်းပြန်သော် မရ။ ထိုအခါ ဃဋိကာရက
မလိုက်မနေရဟု ဆိုကာ ဇောတိပါလ၏ ဆံစကိုဆွဲ၍ ခေါ်ငင်လေတော့သည်။
ထိုအခါ ဇောတိပါလစဉ်းစားသည်မှာ “ငါ၏သူငယ်ချင်းသည် အင်မတန်ယဉ်ကျေးသူဖြစ်၏၊ ပုဏ္ဏားမျိုးက
အမြတ်ဆုံးဖြစ်သော ယခုအခါတွင် ငါသည် ပုဏ္ဏားမျိုးဖြစ်၍ ငါ၏သူငယ်ချင်းမှာ အသည်မျိုးဖြစ်သဖြင့်
ငါ့ထက်လည်း အမျိုးဇာတ်ညံ့သူဖြစ်သည်။ ယခုအခါတွင် အမျိုးဇာတ်နိမ့်သူက ဇာတ်မြင့်သူ၏ဆံစကို
စွဲကိုင်ခြင်းသည် ကိုင်လိုက်သူအဖို့ အသတ်ခံရပေမည်။ မိမိသေရမည်ကိုမကြောက်ပဲ ငါ၏ဆံစကို
အပြင်းဆွဲသော ဤဃဋိကာရသည် ဒေါသထွက်၍မဟုတ်၊ အသက်ကိုရင်း၍ ခေါ်ငင်ခြင်းသည်
အချည်းနှီးမဖြစ်နိုင် ငါ့အား အကျိုးတခုခုကို မြင်၍ပင် ဖြစ်လိမ့်မည်” ဟုတွေးကာ အသာတကြည်ပင်
လိုက်ခဲ့လေရာ ကဿပမြတ်စွာဘုရားရှင်ရှေ့သို့ ရောက်လာလေသည်။
ဇောတိပါလသည် ကဿပဗုဒ္ဓကို တခါမှမမြင်ဖူးဘဲ ဝစီအားဖြင့်
ရိုင်းပြခဲ့သော်လည်း ရှေ့တော်သို့ရောက်သောအခါ မိမိတက်ကျွမ်းသော ပညာဖြင့် မြတ်စွာဘုရားရှင်၏
လက္ခဏာတော်ကို ဆင်ခြင်သောအခါမှ မိမိမှားမှန်း ကောင်းစွာသိလေတော့သည်။
ထိုအခါ ကြောက်ရွံ့သံဝေဂရသော ဇောတိပါလသည် မြတ်စွာဘုရားရှင်၏
တရားတော်ကို ကောင်းစွာနာယူလိုက်သောအခါ တရားတော်၏ မှန်ကန်ခြင်းကို သိမြင်သဖြင့် လူ့ဘဝကို
စွန့်၍ ကဿပဗုဒ္ဓထံတော်တွင် ရဟန်းပြု၍ နေလေသည်။ ပညာမာန်ကြီးသော်လည်း
လုံ့လကောင်းသောကြောင့် ကဿပမြတ်စွာဘုရားရှင်၏ ပရိယတ္တိ
သာသနာတော်အလုံးစုံကို ကောင်းစွာသင်ကြား တက်မြောက်လေသည်။ ထိုအခါ
ကဿပမြတ်စွာဘုရားရှင်က “ချစ်သားဇောတိပါလ၊ အသင်ချစ်သားရဟန်းသည် ငါဘုရား
ပရိနိဗ္ဗာန်ပြုပြီးနောက် ငါဘုရား၏အခြားမဲ့တွင် ဤဘဒ္ဒကမ္ဘာ၌ ဂေါတမဆိုတဲ့ဘွဲ့အမည်ဖြင့်
သဗ္ဗညုတဉာဏ်တော်ကို ရသော ဘုရားစင်စစ် ဧကန်ဖြစ်လိမ့်မည်” ဟု ဗျာဒိတ်ပေးလေသည်။ ထိုအခါ
အလောင်းတော် ဇောတိပါလရဟန်းသည် များစွာနှစ်သက် ဝမ်းမြောက်၍
သတိမေ့လျော့ကာ သေရမည့်အရေးကို ကြောက်ရွံ့ကာ
ပါရမီတော်တို့ကို ကောင်းမွန်ရိုသေစွာ ဖြည့်ကျင့်တော်မူလေသတည်း။ (သူငယ်ချင်းဖြစ်သူ ဃဋိကာရမှာ
ထိုဘဝမှ ကွယ်လွန်ခဲ့ပြီးသော် သုဒ္ဓဝါသငါးဘုံတွင် အမြင့်ဆုံးဖြစ်သော အက္ကနိဋ္ဌြှဗဟ္မာ့ဘုံတွင်
ဃဋိကာရအမည်ဖြင့် ဗြဟ္မာမင်းဖြစ်ကာ အလောင်းတော်သိဒ္ဓတ္ထ အနော်မာသောင်ကမ်းတွင် ရဟန်းပြုရန်
စိတ်အကြံဖြစ်သောအခါ သင်္ကန်းပရိတ်ခရာအစုံကို လာရောက်ဆပ်ကပ်လေသည်။ ထိုသို့
ကဿပမြတ်စွာဘုရားရှင်ကို ပြစ်မှားခဲ့သောဝစီဒုစရိုက်ကြောင့် ဂေါတမဗုဒ္ဓအလောင်းတော်သည်
ဘုရားဖြစ်ရန်အတွက် အကြောင်းရင်းမှန်မဟုတ်သော ဒုက္ကရစရိယာအကျင့်ကို ၆ နှစ်ပတ်လုံး
ပင်ပန်းဆင်းရဲကြီးစွာ ကျင့်ကြံတော်မူခဲ့ရလေသည်။ ပညာတတ်ရန် သင့်တော်သော်လည်း
ပညာမာနထောင်လွှားခြင်းသည် ကောင်းသောလက္ခဏာ မဟုတ်ကြောင်း သိရှိစေရန်အတွက်
အပြည့်စုံဖြည့်စွက်တင်ပြခြင်း ဖြစ်သတည်း။ ဤတွင် နှစ်ကျိပ်လေးဆူ ဗုဒ္ဓဝင် ပြီးဆုံးခြင်းသို့ ရောက်ပေပြီ။
အားလုံးသောဓမ္မမိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာခြင်းနှင့် ပြည့်စုံနိုင်ကြပါစေ…။)
ကြည့်နှုန်း= 63
ဘလော့အမျိုးအစား(ဗုဒ္ဓ၀င်)

0 comments :

Post a Comment

တာချီလိတ် ကဏ္ဍစုံ

≈♣♦တရားတော်မျာ≈♣♦

≈♣♦နည်း ပညာ ဥယျာဉ်♣♦≈

≈♣♦ ကြော်ငြာ ကဏ္ဍစုံ ♦♣≈

≈♣♦တာချီလိတ် ကဏ္ဍစုံ♦♣≈

≈♣♦ ကြော်ငြာ ကဏ္ဍစုံ ♦♣≈

≈♣♦တာချီလိတ် ကဏ္ဍစုံ♦♣≈