Home » » ငုတ်တူးသမား၏ ဘဝ

ငုတ်တူးသမား၏ ဘဝ

Written By Unknown on Tuesday, 10 June 2014 | 10:18

အပူပိုင်းဇုန်၏ ခရမ်းလွန်ရောင်ခြည်တွေ အောက် ကန္တာရထင်းတောအုပ်တွေဟာ စိမ်းလန်းခြင်းကို ကြိုးစားရုန်းကန်ရင်း အသက်ဆက်နေရသည်။ ဆူးချွန်အများအပြား ချန်ရံထားသည့် ထိုအပင်များသည်
အထက်အညာကျေးလက်၏ ထင်းလိုအပ်ချက်ကို အဓိကဖြည့်တင်းနေသည့် သစ်ပင်များလည်းဖြစ်သည်။ အလေ့ကျပေါက်ရောက်သည့် ထင်းတောများဖြစ်သော် လည်း တောင်သူကြီးများပိုင်ဆိုင်သည့် မြေယာများပေါ်တွင် ပေါက်ရောက်နေခြင်း ကြောင့် မြေယာဦးပိုင်ပေါက်သည့် ထင်းတောများလည်းဖြစ်သည်။
ထိုတောအုပ်များသည် နှစ်တွေကြာညောင်းလာသည်နှင့်အမျှ တဖြည်းဖြည်းပျောက်ကွယ်လာရသည်မှာ မြေယာသစ်များ ဖော်ထုတ်ရန် အမြစ်ပြတ်ရှင်းလင်းခဲ့သည့် တောင်သူများ၏ မြေယာသစ်ဖော် ထုတ်မှုများကြောင့်ဖြစ်သည်။ “အရင်က ထင်းတောတွေ ထပ်ထပ် ကြမ်းနေတာပဲ။ အခုတော့ မရှိတော့ဘူး။  ငုတ်တူးပြီး မီးသွေးဖုတ်တဲ့သူတွေလည်း တော်တော်များလာတယ်”ဟု မန္တလေး တိုင်းဒေသကြီး၊ ၀မ်းတွင်းမြို့နယ်၊ ဇီးဖြူခြံကျေးရွာမှ ထင်းခုတ်၊ ငုတ်တူးကာ မီးသွေးဖုတ်သည့် လုပ်ငန်းလုပ်ကိုင်သူ ဦးမြတ်လွင်က ပြောသည်။
သူသည် နေ့စဉ်နဲ့အမျှ  မြေကြီးနဲ့နပန်း လုံးနေရသူဖြစ်ပြီး သံတူရွင်း၊ ဓား၊ ပုဆိန်၊ ဂေါ်ပြား၊ ခရင်းဂွ၊ ပေါက်ချွန်း အစရှိသည့် မြေလုပ်ငန်းသုံးပစ္စည်းများဖြင့် ထမ်းပိုးရင်း ကန္တရတောအုပ်တွေကြား ငုတ်တူးခြင်းဖြင့် အသက်မွေးသူတစ်ဦးလည်းဖြစ်သည်။ “ကျောက်တူးသမား”သီချင်းထဲကလို ကျောက်တူးသည့်သူများဖြင့် လုပ်ပုံကိုင် ပုံခြင်း ဆင်တူပေမယ့် ငုတ်တူးသမားတစ်ဦး၏ဘ၀ကတော့ လောပန်လောင်းတွေ မဟုတ်ကြပါ။ ထင်းခုတ်၊ ငုတ်တူး၊ မီးသွေးဖုတ်ခြင်းဖြင့် အသက်မွေးရသည့် အလျောက် သူတို့မိသားစုစားဝတ်နေရေးသည်လည်း ခရောင်းလမ်းဆန်နေသေး သည်။
သူ့လုပ်ငန်းခွင်ရှိရာ ကန္တာရတော အုပ်ဆီ အေးအေးလူလူထွက်ခွာရင်းနေ့စဉ်နဲ့အမျှ ငုတ်တူးနေရခြင်းကြောင့် သူ့လက်ဖ၀ါးများသည် အသားမာအထပ်ထပ်နှင့် ပင်ဖြစ်သည်။ သို့သော် ထိုအလုပ်ကိုလုပ် ကိုင်နေရသည့်အပေါ် လယ်စာရင်းငှားလိုက်ရခြင်းထက် အများကြီးသာသည်ဟု သူက ယူဆထားသည်။ “လက်ခစား သူများဥစ္စာလိုက်လုပ် ရင် တစ်ရက်မှ နှစ်ထောင်လောက်ပဲရတာ။ ဒါတောင် ယာပိုင်ရှင်မျက်နှာကို မော့ကြည့်နေရသေးတယ်။ အခုငုတ်တူးတာက ကိုယ်ပိုင်အလုပ်ဆိုတော့ အေးဆေးပဲ။ နားနားနေနေလုပ်ရင်တောင် တစ်ရက် ကျပ်လေးထောင် အထက်မှာရှိတယ်”ဟု သူ့လုပ်ငန်း
ခွင်၏ ၀င်ငွေကို တွက်ချက်ပြသည်။
ထို့အပြင် ငုတ်တူးရသည်မှာ ပင်ပန်း သော်လည်း စိတ်ချမ်းသာကြောင်း သူက ဆက်ပြောပြသည်။ ကန္တာရထင်းပင်များသည် ပင်ပွားနှုန်းမြန်ဆန်ပြီး ထင်းအဖြစ်အသုံးပြုရာတွင် လည်းကောင်း၊ မီးသွေးဖုတ်ရာတွင် လည်း
ကောင်း၊ အရည်အသွေးကောင်းသည့် ထင်းပင်များဖြစ်သည်။ ထိုအပင်များသည် တောင်သူများ၏မြေလွတ်မြေရိုင်းတွင် အများဆုံးပေါက် ရောက်ကြပြီး ပင်ပွားနှုန်းလည်း မြန်ဆန် သည်။ နှစ်အနည်းငယ်မျှ မွေးမြူရုံဖြင့် ထင်းတောများအဖြစ် အသွင်ပြောင်းသွား သည့် အလေ့ကျသစ်ပင်များဖြစ်သည်။
သို့သော် ရှိရင်းစွဲထင်းတောများမှာမူ  မြေယာသစ်ဖော်ထုတ်မှုကြောင့် ဧကရာနှင့် ချီရှိသည့် ထင်းတောများ ပျောက်ကွယ်လာခဲ့ သည်ဟု သူက ပြောပြသည်။ တောင်သူကြီးများသည် ၎င်းင်းတို့ပိုင် ဆိုင်သည့် ထင်းတောများကို စိုက်ပျိုးမြေ အဖြစ်ပုံသွင်းရန် ထင်းခုတ်၊ ငုတ်တူးသူများ ကို ထင်းနှင့် သစ်ငုတ်များပေးခြင်းဖြင့် တောရှင်းစေပြီး ငုတ်တူးသမားများမှာ လည်း သစ်ငုတ်များရယူခြင်းဖြင့် မြေကွက်ဖော်ပေးရသည်။ အပြန်အလှန်ပေးယူမှုဖြင့် လုပ်ကိုင်သည့် လုပ်ငန်းတစ်ခုလည်း ဖြစ်သည်။ အဆိုပါ ထင်းတောများကို လူငှား၍ရှင်းလင်းမည်ဆိုပါက တစ်ဧကလျှင် ငွေကျပ်သိန်းနှင့်ချီ ကုန်ကျမည်ဖြစ်ပြီး ငုတ်တူးသမားများအနေဖြင့် ထင်း၊ ငုတ်များကို မီးသွေးဖုတ်ခြင်းဖြင့် ၀င်ငွေရှာကြသည်။
ယခုနှစ်အတွင်း ကျေးလက်၏ မီး သွေးတစ်အိတ်ပေါက်ဈေးမှာ ကျပ် ၂,၅၀၀ နှင့်အထက် ဈေးရှိခြင်းကြောင့် ငုတ်တူးကာ မီးသွေးဖုတ်သူများ အကျိုးအမြတ်များ ကြောင်း ဦးမြတ်လွင်က ပြောသည်။
သူ့မှာ သားသမီးသုံးယောက်ရှိပြီး ဇနီးသည်မှာ အငယ်ဆုံးသမီးလေးမီးဖွား စဉ် မီးတွင်းထဲ၌ သေဆုံးသွားခဲ့သည်။ ထို့ကြောင့် ကလေးနို့မှုန့်ဖိုးရရန် ငုတ်တူးခြင်းအလုပ်ကို စွဲစွဲမြဲမြဲလုပ်ကိုင်လာခဲ့ရခြင်းဖြစ်
သည်။ အခြားလယ်ကူလီလုပ်ငန်းများမှာ တစ်ရက်လုပ်တစ်ရက်စားမျှ ဖြစ်သဖြင့် ငုတ်တူး၊ မီးသွေးဖုတ်ခြင်းမှာ ငွေလုံးငွေရင်းစုမိသဖြင့် တွက်ခြေကိုက်သည်ဟု သူက ဆိုသည်။ သူ့ဝင်ငွေ၏စုစုပေါင်း ၃၀ ရာခိုင်နှုန်း
ကိုလည်း ကလေးနို့မှုန့်ဖိုးအတွက် သီးသန့် ဖယ်ထားသည်။
“ကလေးနို့မှုန့်ဖိုးနဲ့ အိမ်စရိတ်က ခြောက်သောင်းကျော်တယ်။ အဲဒါကပိုမှ ငွေပိုငွေလျှံလေးရတာ။ ပိုက်ဆံအရေးကြီးရင် အရေးကြီးသလို မီးသွေးဖုတ်တာ စရတယ်။ အခုတော့ ပိုက်ဆံမလိုသေးလို့ ထင်း
နဲ့ငုတ်စုနေတယ်”ဟု သူ့လုပ်ငန်းခွင် အစိတ်အပိုင်းကို ခွဲခြမ်းပြသည်။ ကျေးလက်တွင် ထင်းလှည်းတစ်စီး ပေါက်ဈေးကျပ် ၃,၅၀၀ ခန့်ရှိပြီး ထင်း တောရှင်းသူနှင့် ထင်းတောပိုင်ရှင်များ၏ စာချုပ်အရ မြေကြီးအတွင်းမှ တူးဖော်ခဲ့ သည့် သစ်ငုတ်များကို ငုတ်တူးသမားတို့ကရရှိပြီး မြေပြင်အထက် ထင်းချောများကိုထင်းတောပိုင်ရှင်များက ရရှိသည်။
ငုတ်တူးသမားတစ်ဦးသည် တစ်ရက် လျှင် သုံးပေပတ်လည်ခန့်ရှိသည့် သစ်ငုတ်လေးခုအထိ တူးဖော်နိုင်ပြီး တူးရသည့်မြေ အမျိုးအစားပေါ်တွင် မူတည်ကာ ငုတ်များပိုမိုတူးဖော်နိုင်သည်။ ထိုဒေသတွင် ထင်း
တောများကို အပြတ်ဝယ်ယူကာ မီးသွေး ဖုတ်သူများလည်းရှိသည်။ မီးသွေးဖုတ်ရာတွင် အသုံးပြုမည့် ထင်းနှင့် ငုတ်ပမာဏအလိုက် မီးသွေးအိတ် ထွက်ရှိပြီး အိတ် ၃၀ မှ ၅၀ ထိထွက်ရှိမည်ဖြစ်သည့် မီးသွေးဖိုများ အများဆုံးပြုလုပ်ကြ ကြောင်း ဦးမြတ်လွင်က ပြောပြသည်။
ခြောက်သွေ့မှုမရှိသည့် ထင်းငုတ် အစိုများကို လောင်စာများဖြင့် ရောနှောပြီး မီးသွေးဖုတ်သည့် မီးသွေးဖိုမှာ အံ့သြဖွယ်ကောင်းနေပြီး မီးသွေးဖိုထားချိန်မှာ  ငုတ်တူးနိုင်သေးခြင်းကြောင့် အလုပ်မပြတ်ပေ။
မြေကျင်းများအတွင်း သစ်ငုတ်များ နှင့် လောင်စာများရောနှောပြီး လေထွက် ပေါက်များပြုလုပ်ကာ မီးပေးခြင်းဖြင့် မီးသွေးတုံးများ ရရှိနိုင်မည်ဖြစ်သည်။ မီးသွေးတစ်ဖိုလျှင် ၃ ရက်ခန့်ကြာသည်အထိ မီး
ပေးရပြီး မီးသွေးဖုတ်သူများအနေဖြင့် ရေချိုး၊ မိုးချိုးဆင်ခြင်ရသည်ဟု ဦးမြတ်လွင်က ပြောသည်။ အဆင်မသင့်ပါက ချွေးငုတ်ကာ အဖျားမိနိုင်ခြင်းကြောင့် ဖြစ်သည်။
“မီးတင်ပြီဆိုရင်တော့ တစ်ညလုံးမအိပ်ရဘူး။ ထိုင်နေရတာ။ ဖိုပေါက်မှာကြောက်လို့လေ။ ဖိုပေါက်ရင် အားလုံးပြာဖြစ်သွားတာ။ လုပ်သမျှအားလုံးဆုံးရော”ဟု သူက ဆက်ပြောသည်။ မီးသွေးဖိုပေါက်ခြင်းမှာ မီးတောက် များ လိုအပ်သည်ထက် ပိုမိုလောင်ကျွမ်း ခြင်းဖြစ်ပြီး ထင်းမီးသွေးများ မီးလောင်ပြာကျသွားခြင်းဖြစ်သည်။ ထိုအခါလုပ်အားနှင့် အရင်းအနှီးများမှာ အချည်းအနှီးသာဖြစ် ရမည်ဖြစ်သည်။
မီးသွေးဖော်သည့်အခါ ကျေးရွာအရောက်ဝယ်ယူမည့် မီးသွေးပွဲစားများရှိ ခြင်းကြောင့် ရောင်းရ၊ ၀ယ်ရလွယ်ကူပြီး  မီးသွေးပွဲစားများအနေဖြင့် ဈေးနှိမ်မှုများ လည်းမကြာခဏရှိကြောင်း သူက ပြောသည်။
ချိတ်ဆက်ထားသည့် ပွဲစားများက ဈေးနှိမ်သည်ဟု ယူဆပါက အခြားပွဲစားများကို ဖုန်းဆက်မေးမြန်းကာ ဈေးပိုသည့် သူကိုရောင်းချသည်ဟု ကျေးလက်၏ ဈေးကွက်ကွန်ရက်ကို သူက ပြောသည်။
နယ်မြို့ငယ်များရှိ လျှပ်စစ်မီးမတပ် ဆင်ရသေးသော အိမ်ထောင်စုမှာ ထင်းမီးသွေးအသုံးပြုမှု တွင်ကျယ်နေဆဲဖြစ်ပြီး မီးသွေးဖုတ်သူများအနေဖြင့်လည်း အဆိုပါနေအိမ်များကို ပစ်မှတ်ထားခြင်းဖြင့် ဈေး
ကွက်ဖန်တီးနေရသည်။
ဈေးပေါသည့် ဖွဲမီးသွေးများ နယ်မြို့ ဈေးကွက်များကို ၀င်ရောက်လာခဲ့ပေမယ့် အရည်အသွေးမကောင်းမှုကြောင့် အသုံးပြုသူနည်းပါးသည်ဟု သူက ဆက်ပြော သည်။ မီးသွေးဖုတ်သည့်ညများတွင် သူ၏ အိပ်စက်ခြင်းကို မေ့ပျောက်ထားရပြီး လက်တစ်ကမ်းတွင် ပေါ်ပေါက်လာမည့်ငွေစ ကြေးစလေးများကိုမျှော်မှန်းကာ ပီတိဖြစ် နေခဲ့သည်။ ငုတ်တူးချိန် အပန်းဖြေသည့်အခါ ကြက်ခိုးအလိပ်လိပ်တက်နေသည့် ထင်း မီးဖိုပေါ်ရှိ ရေနွေးကရားအိုးထဲမှ လက်ဖက်ခြောက်များများထည့်ထားသည့်  ရေနွေးကြမ်းများ မော့သောက်ခြင်းဖြင့် နွမ်းနယ်မှုကို မှုတ်ထုတ်ခဲ့သည်ဟု သူက ပြော သည်။
မိုးခေါင်ရေရှား ဒေသတစ်ခုဖြစ်သည့် သူ့ဇာတိမြေရဲ့ အလုပ်အကိုင်အခွင့်အလမ်းရှားပါးမှုကို “ငုတ်မတူးရတဲ့ရက်တွေဆိုကျင်းတူးလိုက်တာတွေရှိတယ်။ တချို့ကျတော့ ရှောလိုင်း(မြွေဖမ်းခြင်း)  လိုက်ကြ
တာ။ သူတို့တွေလည်း နေ့စားလိုက်တာ ထက်စာရင်တော့ ပိုက်ဆံပိုရတယ်။မြွေဖမ်းတာက တစ်ခါတစ်လေ တစ်ကောင်မှမရဘူး။ မြွေဈေးကတော့ ကောင်းတယ်”ဟု ဆိုသည်။ ၀မ်းတစ်ထွာအရေးကို ကြုံသလိုဖြေရှင်းနေရသည့် ကျေးလက် လက်လုပ်လက်စား လူတန်းစားအများစုမှာ အကုသိုလ်ဖြင့် လွတ်ကင်းရန် ခက်ခဲကြောင်းနှင့် တစ်ရက်နှင့်တစ်ရက်ကြား တောနှင့် အိမ်သွားခြင်းဖြင့်သာ လုံးချာလည်နေရသည် ဟု သူက ဆက်ပြောသည်။
“တောသူ တောင်သားတွေဆိုတော့ ဒီလိုနဲ့ သေကြမှာပဲ။ အိမ်ပြန်ရောက်တော့ သားသမီးတွေ မျက်နှာကြည့်ပျော်ရတာ။ ငယ်ရွယ်သူမှမဟုတ်တော့တာ သားသမီး တွေ ကောင်းစားဖို့အရေး ဦးစားပေးရတော့ မှာပေါ့”ဟု သူက ပြောသည်။ ဘ၀ဖြတ်သန်းမှုရိုးရှင်းသည့် သူ့တို့ဘ၀လူနေမှုစနစ်သည် ခေတ်စနစ်ဖြင့်ထင်ဟပ်ကြည့်ပါက များစွာနိမ့်ကျလျက်ရှိသည်ဆိုနိုင်သော်လည်း သူ့ဘ၀သူ့အခြေအနေနှင့်ကိုက်ညီသည့် လူပတ်ဝန်းကျင်ကို
ဖန်းတီးထားခဲ့ခြင်းအတွက် ပျော်ရွှင်စရာတွေရှိနေသည်မှာတော့ ငြင်းလို့ရနိုင်မည်မဟုတ်ပါ။
“မနက် ၈ နာရီလောက်ဆိုရင် တော ထွက်လာတယ်။ ညနေစောင်းတော့ အိမ် ပြန်ပေါ့။ ကြားထဲကအချိန်တွေက ငုတ်တူးလိုက်၊ မီးသွေးဖုတ်လိုက် အခြားဘာမှ ထူးထူးခြားမရှိဘူး”ဟု သူက ဆိုသည်။
နေလုံးကြီးသည် အနောက်အရပ်သို့ တရိပ်ရိပ်နိမ့်ဆင်းသွားသည်။ သို့သော် လည်း ဦးမြတ်လွင်၏လုပ်ငန်းခွင်ကတော့ အဆုံးသတ်မည်မဟုတ်ဘဲ မီးသွေးဖိုမပေါက်ရန် စောင့်ကြည့်ရမည့်တာဝန်ကို
သူ့ပခုံးထက် ဆက်လက်ထမ်းပိုးထားရဦးမည်ဖြစ်သည်
။........ tachileiksky.blogspot.com

0 comments :

Post a Comment

တာချီလိတ် ကဏ္ဍစုံ

≈♣♦တရားတော်မျာ≈♣♦

≈♣♦နည်း ပညာ ဥယျာဉ်♣♦≈

≈♣♦ ကြော်ငြာ ကဏ္ဍစုံ ♦♣≈

≈♣♦တာချီလိတ် ကဏ္ဍစုံ♦♣≈

≈♣♦ ကြော်ငြာ ကဏ္ဍစုံ ♦♣≈

≈♣♦တာချီလိတ် ကဏ္ဍစုံ♦♣≈